ဗုဒ္ဓဘာသာရဲ့အင်အားတစ်ခု

Wednesday, August 22, 2012

အာပတ်နှင့်တကွ စုတေလျှင်

တစ်ခြားဆိုဒ်တစ်ခုက ကူးယူဖော်ပြထားခြင်းပါ
ရဟန်းသံဃာများ အာပတ်နဲ့သေလျှင် အပါယ်ကျတာများတယ်ဆိုတဲ့ အယူဝါဒရှေးရိုးစွဲတွေကြောင့် ရှေးခေတ်အခါက ပညာတတ် ဘုန်းတော်ကြီးများပင် သေခါနီးမှ လူဝတ်လဲသွားကြတာတွေ ကြားဖူးပါတယ်။

တစ်ခါက စစ်ကိုင်းမြို့အနီး တောလက်ကျေးရွာတွင် နှစ်ပေါင်းများစွာ သီတင်းသုံးနေထိုင်ခဲ့တဲ့ နာမည်ကျော်ကြားသော ဆရာတော်တစ်ပါးဟာ အိုမင်းလာချိန်မှာ သူ့ကိုယ်သူ ငါသေခါနီးပြီဟု နှုတ်မြွက်ပြောဆိုကာ သူနေထိုင်တဲ့ကျောင်းတိုက်တာကို ရပ်ရွာအား အပြီးအပိုင်လွဲအပ်ထားပြီး လွတ်လွတ်လပ်လပ် ကျောင်းကနေ ထွက်ခွာသွားခဲ့တယ်။ အရာအားလုံးကို သတိမလစ်စေဘဲ ရှင်းလင်းပြတ်သားစွာ စွန့်လွတ်လှူဒါန်းထားခဲ့ပြီး စိတ်ရှင်းရှင်းနဲ့သံယောဇဉ်အားလုံးဖြတ်ကာ မွေးရပ်မြေကို ဆရာတော်က ပြန်ကြွလာခဲ့တာမို့ ဆရာတော်ရဲ့ ကြွေးဟူသမျှ ဘာကြွေးမှ မကျန်စေရ၊ ငါ၏ ဘ၀တာအတွင်း ကိုယ်ပိုင်ကံတရားကို သန့်ရှင်းစေပြီးမှ လက်ရှိဘ၀ကို အဆုံးသတ်သွားမယ်ဆိုတဲ့ စိတ်ဓာတ်ကိုတော့ ကောင်းသော စိတ်ဓာတ်ဖြစ်တာကြောင့် ချီးကျူးအတုယူသင့်ပါတယ်။


ဒါပေမဲ့ ဆရာတော်ဟာ သူ့ကိုယ်သူ မနက်ဖြန်လောက် ပျံလွန်တော်မူမည်ကို သိတဲ့အတွက်ကြောင့် သတိကောင်းနေချိန်မှာ ရဟန်းဘ၀ကနေ သိက္ခာချလူဝတ်လဲသွားတယ်ဆိုတဲ့ အချက်ကိုတော့ သဘောမကျလှပေ။ ရဟန်းဘ၀မှာ အာပတ်နဲ့သေရင် အပါယ်လေးဘုံ ရောက်တတ်တယ်ဆိုတဲ့အချက်ကို အယူဝါဒစွဲပြီး သိက္ခာချသွားခြင်းကြောင့် သဘောမကျခြင်း ဖြစ်ပါတယ်။ အဲဒီလို မိမိက သိက္ခာချပြီး ပျံလွန်တော်မူတာဟာ သိက္ခာချသူအတွက် ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်ဟာက များမလဲဆိုတာ မသိနိုင်ပေမဲ့ မိမိကိုယ်ကို ယုံကြည်မှုမရှိတာကို သက်သေပြလိုက်တယ်ဆိုတာကို မေ့နေတယ်ထင်ပါတယ်။ နောက်ပြီး ဒီလိုနာမည်ကြီးဆရာတော်တစ်ပါးက ပြုမှုသွားတာကို နောင်လာနောက်သားများ အဟုတ်မှတ်ကာ အတုယူကြလျှင် အာပတ်နဲ့စုတေလျှင် အပါယ်လားတယ်ဆိုတဲ့ အယူဝါဒကြီးဟာ အယူမှားအယူလွဲကြီးအဖြစ် ရေရှည်ဆက်လက်တည်တံ့စရာ ဖြစ်နေပါလိမ့်မယ်။

ဒါကြောင့် အဲဒီလို အယူလွဲမှားမှုကြီးကို နောင်လာနောက်သားများ အယူမမှားမိစေဖို့အတွက် တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမရေးသားခဲ့တဲ့ အာပါတ်နဲ့တကွ စုတေလျှင် စာအုပ်ကို လက်ကိုင်ထားပြီး ကျမ်းပေါင်းစုံမှ မိမိလေ့လာထားသမျှ အများသူငှါ သိရှိရအောင် ရေးသားပေးသွားပါမယ်။ တကယ်တော့ အာပတ်နဲ့သေရင် အပါယ်ကျတယ်ဆိုတဲ့အယူကို ရှေးခေတ်ကလည်း ဆရာတော်ကြီးများ ခဏခဏ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ ဒါကို နောက်လူတွေက အဲဒီစာတွေကို မတွေ့မိတဲ့အခါကျတော့ ပါးစပ်ဖျားမှာ ရေးပန်းစားနေတာကိုပဲ အဟုတ်မှတ်ထင်နေကြတာပါ။

ရှေးခေတ်က ရွှေကျင်ဂိုဏ်းနဲ့သုဓမ္မာဂိုဏ်းဆိုပြီး ဂိုဏ်း(၂)ခု ကွဲပြားခဲ့ကြပါတယ်။ ဒါကလည်း ရွှေကျင်သာသနာပိုင်ကျောင်းမှာ သီတင်းသုံးတဲ့ဆရာတော်ကို ရွှေကျင်ဆရာတော်လို့ခေါ်ရင်း အဲဒီဆရာတော်နဲ့နီးစပ်တဲ့ သံဃာများကို ရွှေကျင်ဂိုဏ်းဆိုပြီး ပြဿနာတစ်ခုဖြစ်ရာကနေ ကွဲပြားခဲ့ရတာပါ။ဒီနေရာမှာ ဆက်မိတာနဲ့ ဂိုဏ်းကွဲပြားရခြင်းအကြောင်းကို အနည်းငယ်ရေးသားပေးပါဦးမယ်။

တာဝတိံသာနတ်ပြည်မှာ သိကြားမင်းဟာ သုဓမ္မာဇရပ်တွင် မှုခင်းများကို စီစဉ်ဆုံးဖြတ်လေ့ရှိသလို မြန်မာဘုရင်များလက်ထက်တော်က သာသနာရေးဆိုင်ရာမှုခင်းများကို ဆရာတော်ကြီးများ စုဝေးဆုံးဖြတ်ရာနေရာဌာနကို "သုဓမ္မာ"လို့ခေါ်ခဲ့ကြပါတယ်။ သံဃာ့ဂိုဏ်းများ မကွဲမပြား တစ်စည်းတစ်လုံးတည်းရှိစဉ်က မြန်မာနိုင်ငံတွင် သံဃာအားလုံးဟာ သုဓမ္မာဝင်ဆရာတော်ကြီးများရဲ့ အုပ်ချူပ်မှုအောက်တွင် ရှိနေခဲ့ကြပါတယ်။

ထိုသို့ရှိနေရာမှ မင်းတုန်းမင်းကြီးလက်ထက်တွင် သူအလွန်တရာ ကြည်ညိုလှတဲ့ ဆရာတော်ဦးဇာဂရကို ရွှေကျင်ကျောင်းတော်တစ်ခု ဆောက်လုပ်လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဆရာတော်ဦးဇာဂရကို ရွှေကျင်ကျောင်းဆရာတော်ဟု ခေါ်ဆိုကြရာမှ ရွှေကျင်ဆရာတော်လို့ ခေါ်ဆိုကြပါတော့တယ်။ အခါတစ်ပါး ရွှေကျင်ဆရာတော်ဘုရားက သာသနာပိုင်ဆရာတော်ထံ သွားရောက်ရာ စကားမပြောဆိုဘဲနေခဲ့သဖြင့် သာသနာပိုင်ဆရာတော်က မိမိအား မလိုလားလို့ စကားမပြောဘဲနေတာဖြစ်မယ်လို့ထင်မြင်ပြီး အမြင်စောင်းခဲ့ပါတယ်။ အဲဒါနဲ့ (၁၂၁၄)ခုနှစ်တွင် ရွှေကျင်ဆရာတော်ကို သုဓမ္မာဆရာတော်များအမိန့်နဲ့ သုဓမ္မာစည်းဝေးဆောင်သို့ကြွရန် ဆင့်ဆိုရာ ရွှေကျင်ဆရာတော်က မကြွဘဲနေတဲ့အခါ သုဓမ္မာဆရာတော်များက အတင်းအကြပ်ခေါ်ဆိုဖို့ စီမံရာ မင်းတုန်းမင်းကြီးက ရွှေကျင်ဆရာတော်အား သုဓမ္မာသို့ ဆင့်ခေါ်ခွင့်မရှိ။ ရွှေကျင်ဆရာတော် လွတ်လပ်စွာ သီတင်းသုံးပါစေလို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ရွှေကျင်ဆရာတော် ဦးဇာဂရရဲ့ တပည့်သံဃာအဆက်ဆက်တို့ကို ရွှေကျင်ဂိုဏ်းဝင်လို့ ခေါ်ဆိုကြသလို ကျန်သံဃာများကို သုဓမ္မာဂိုဏ်းဝင်သံဃာများလို့ ခေါ်ဆိုကြရာမှ ရွှေကျင်ဂိုဏ်း၊ သုဓမ္မာဂိုဏ်းဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်။

No comments:

Post a Comment