ဗုဒ္ဓဘာသာရဲ့အင်အားတစ်ခု

Friday, August 17, 2012

သာသနာကို ဖျက်စီးသည့် မိစ္ဆာဒိဋ္ဌိများ

ကပြားဗုဒ္ဓဘာသာ
ကြက်လဲမရောက်၊ ကျီးမမြောက်သား ၊
အောက်ကလိအာ၊ အာကလိအောက် ၊
မနာစောက်အောင်၊ မိနောက်မကျေ ၊
ဘနောက်မမီ၊ မပီမပွန် ၊
တွန်တကျယ်ကျယ်၊ ကြက်ကျီးငယ်သို့ ၊
တင့်တယ်မဲ့စွာ၊ ပညာမကြီး ၊
ဗန္ဓတ်ကျီးသို့၊ နှုတ်သီးမစောင့် ၊
စိတ်မဖြောင့်ဘူး။
မန်လည်ဆရာတော်ဘုရားကြီး (မဃဒေ၀)




သာသနာအပြင်ဘက်မှ ဗုဒ္ဓဘာသာကို ရက်ရက်စက်စက်ဖျက်ဆီးခဲ့သူမှာ အသောကမင်းကြီးနောက် ခြောက် ဆက်မြောက်မင်းကို သတ်ဖြတ်၍ ဘုရင်ဖြစ်လာသော သုင်္ဂပုရှာမိတြအမည်ရှိ ဗြဟ္မဏပုဏ္ဏား စစ်သူကြီး ပေတည်း။ ထိုစစ်သူကြီးအာဏာရသည်နှင့် ဗုဒ္ဓဘာသာကို အမြစ်ပါမကျန်အောင် ဖျက်ဆီးလေတော့သည်။ ဗုဒ္ဓဘာသာရဟန်းမှန်သမျှ မဂဓတိုင်း၊ ကောသလတိုင်း အစရှိသော မဇ္ဈိမဒေသ၌ မနေ၀ံ့တော့သဖြင့် တိုင်းစွန်ပြည်ဖျားသို့ ထွက်ပြေးပုန်းရှောင်ကြရသည်။ သာသနာနှစ် ၁၂၀၀ ကျော်လာသောအခါ ကေရလာ ပြည်နယ်မှ ပေါ်လာသော ရှံကရအမည်ရှိ ဗြဟ္မဏပညာရှိတစ်ယောက်သည် မင်း၏အာဏာအားကိုးယူ၍ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ၀ါဒယှဉ်ပြိုင်ပြီးရှုံးနိမ့်သော ရဟန်းတော်များကို ဟိန္ဒူဘာသာသို့ ကူးပြောင်း စေသည်။ မကူးပြောင်းပါက ပွက်ပွက်ဆူနေသော ထောပတ်ဒယ်အိုးတွင်းသို့ နှစ်၍သတ်ပစ်ခဲ့သည်။

ထိုအချိန်က ဗုဒ္ဓဘာသာဝင်ရဟန်းအများစုမှာ မဟာယာနမှ တစ်စင်ခွဲ၍ ထောင်လာသော ၀ဇီရယာန အောက် လမ်းဆရာကြီးမျိုးသာ ဖြစ်သဖြင့် စာပေအယူဝါဒအနေဖြင့် ရှံကရကို မယှဉ်ပြိုင်နိုင်ခဲ့ပေ။ သို့အတွက် သာသနာနှစ် ၁၃၀၀ ခန့်က စ၍ အိန္ဒိယတောင်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်ရဟန်းများ မရှိတော့ချေ။
(မာဝေ၏ သင်္ကရဒိသာဝိဇယကျမ်း ၁-၉၃)

အပေါ်မှာရေးထားတာကတော့ ဟိန္ဒူ ဗြဟ္မဏတို့ သာသနာအပြင်မှ ဗုဒ္ဓဘာသာကို တိုက်ခိုက်ခဲ့ပုံတွေပါဘဲ ။ သာသနာနှစ် ၁၇၀၀ လောက်ရောက်တော့ တူရကီနွယ်ဝင် မိုဟာမက်ဘိန်ဗခတိယာရ်သည် အိန္ဒိယ မြောက်ပိုင်း တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ရင်း ဗုဒ္ဓဘာသာရဟန်းတော်များကို ကျောင်းတိုက်ကြီးများအတွင်းမှာပင် မီး တိုက်၍ သတ်ဖြတ်လိုက်လေသည် ။ ထိုအခါမှ စ၍ အိန္ဒိယဒေသတစ်ခုလုံး ဗုဒ္ဓသာသနာ ကွယ်ပျောက် ခဲ့ရပါ တော့သည် ။

နောက်ဆုံးဂေါတမ အမည်ပင်ပျောက်ကာ မဟေသရခေါ် ဣဿရ တဖြစ်လဲ အ၀လောကိတေသရ နှင့်အစား ထိုးကြ၏ ။ ထိုဘုရားလောင်းနတ်သားအဖြစ်မှ တဖန်မိန်းမ အသွင်ပြောင်းကာ တာရာဒေ၀ီ စသည် နတ်သမီးများ ဖြစ်ကြကုန်၏ ။ ကာလီစသော ယက္ခနီများဖြင့် အစားထိုးပြန်၏ ။ ဝေရောစန ၊ အမိတာဘာစသော မှော်ဘုရား ကြီးများပေါ်လာသောအခါ ဗုဒ္ဓသည် သာကီဝင်မင်းသား ဂေါတမဗုဒ္ဓမဟုတ်တော့။

မှော်ပညာပိုင်စိုးသော နတ်ကြီးတစ်ပါးမျှသာ ဖြစ်သွားတော့၏ ။ ဤကား ဟိန္ဒူဗြဟ္မဏတို့ အတ္တ၀ါဒ ၊ ဗြဟ္မ၀ါဒကို ဗုဒ္ဓ၀ါဒအတွင်းသို့ လိမ္မာပါးနပ်စွာ သွတ်သွင်းခဲ့ပုံပင်ဖြစ်သည်။ ဗုဒ္ဓ၀ါဒနှင့်လည်းမတူ၊ ဟိန္ဒူဝါဒ နှင့်လည်း အတိ အကျမတူသော မဟာယာန၀ါဒကို တဖြည်းဖြည်းချင်း တီထွင်ခဲ့ကြ၏ ။ နှစ်ပေါင်းငါးရာခန့်ကြာသောအခါ မဟာယာနနှင့် ဟိန္ဒူဝါဒတို့ ခွဲမရအောင်ချွတ်စွတ်တူလာ၏ ။ နောက်ဆုံး၌ ဟိန္ဒူဗြဟ္မဏတို့၏ တန္တရ၀ါဒကိုပင် ဗုဒ္ဓ၀ါဒတံဆိပ် ခပ်နှိပ်ပေးလိုက်၏။ တန္တရ၀ါဒမှာ အရက်နှင့်မိန်းမကို ရှေ့တန်းတင်၏ ။ စုန်း၊ ကဝေ၊ တစ္ဆေ၊ ပယောဂ၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့ ၊ မန္တာန်တို့ကို ဗုဒ္ဓ၀ါဒဆိုင်းဘုတ်အောက် ရွှေ့ထားလိုက်ကြသည်။

ဤကား ဟိန္ဒူဗြဟ္မဏတို့ သာသနာအတွင်းသို့ ၀င်၍ တိုက်ခိုက်ပုံပင်ဖြစ်ပါသည်။

ဗုဒ္ဓ၏ ဒေသနာသည် အနတ္တ (အရာအားလုံး ကိုယ်မပိုင်အစိုးမရ) ၀ါဒဖြစ်သည်။ ဟိန္ဒူဘာသာကား အတ္တ၀ါဒ ဖြစ်သည်။ ဗုဒ္ဓပေါ်ထွန်းလာသည်နှင့် သဗ္ဗေဓမ္မာ အနတ္တာတရား (အားလုံးကိုယ်မပိုင် အစိုးမရ အနတ္တ) ဟူ၍ ဟောကြားလိုက်ရာ အတ္တကို အမှီပြု၍ အညွန့်ခူးစားရသော ဟိန္ဒူဗြဟ္မဏတို့ စားပေါက်ပိတ်ခဲ့ရသည်။ တစ်ဖန်သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင် သတ္တ၀ါများကိုသတ်ဖြတ်၍ ယဇ်မပူဇော်ရဟု ဥပဒေဖြင့် အမိန့်ထုတ်ပြန်ရာ ယဇ်ပွဲကိုအမှီပြု၍ ဆီစိုခဲ့ရသော ဟိန္ဒူဗြဟ္မဏတို့နှုတ်ခမ်းမှာခြောက်သွေ့ ခဲ့ကြရပြန်သည်။


သူရဿတီ
အိန္ဒိယနိုင်ငံတွင် သူရဿတီအမည်ရှိသော မြစ်ကလေးတစ်စင်းရှိသည်။ နွေအခါတွင် သောင်များပေါ် သောအခါ ထိုသောင်များပေါ်တွင် ကုလားများက သီးပင်စားပင်များစိုက်ကြရာ အလွန်ဖြစ်ထွန်းသည်။ ဒါလောက်ဖြစ်ထွန်းရင် ဒီမြစ်ကိုစောင့်တဲ့နတ်က 'မ' တာဖြစ်မယ်ဟူသော စိတ်ကူးယဉ်အတွေး ပေါ်လာကြသည်။ သာယာညင်းပျောင်းစွာ စီးဆင်းသောမြစ်ရေကိုကြည့်၍ နတ်သမီးသာဖြစ်ရမည်ဟု ဆုံးဖြတ်ကာ မြစ်ကမ်းနားတွင် နတ်သမီးရုပ် တစ်ရုပ်ထုလုပ်ပြီး ကိုးကွယ်ကြလေတော့သည်။နာက် တဖြည်းဖြည်းနယ်ကျယ်လာရာမှ ဗေဒင်သုံးပုံကို သူရဿတီလက်ထဲ ထည့်ပေးလိုက်သောအခါ သူရဿတီသည် ဟိန္ဒူ ဘာသာဝင်အားလုံးတို့၏ အထွတ်အမြတ်ထားရာ နတ်သမီးအဖြစ်သို့ ရောက်သွားတော့သည်။ ထိုမှတဆင့် မြန်မာနိုင်ငံသို့ ၀င် လာသောအခါ ဘာသာရေးလုပ်ကြံလိုသူ တစ်စုက ဗေဒင်သုံးပုံစောင့်တာဆိုလျှင် ဗုဒ္ဓဘာသာဝင်များက အလေးထားကိုးကွယ်ကြမည်မဟုတ်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များက အလေးထားကိုးကွယ်ကြစေရန် ဗေဒင်သုံးပုံအစား ပိဋကတ်သုံးပုံ စောင့်သည်ဟုဆိုကာ သူရဿတီလက်ထဲသို့ ဗုဒ္ဓ၏တရားရတနာ ပိဋကတ်သုံးပုံကို ထည့်ပေးလိုက်ပါတော့သည်။

ဗုဒ္ဓဟောကြားတော်မူခဲ့သည့် တရားတော်များကို သံဃာတော်များက ပထမသင်ဂါယနာမှ ဆဋ္ဌမ သင်ဂါယနာတိုင်အောင် ဆင်းရဲမျိုးစုံကြားမှ မပျောက်ပျက်အောင် ထိန်းသိမ်းခဲ့ကြသည်။ ယခုလည်း စောင့်ရှောက်ထိန်းသိမ်းဆဲ နောင်လည်းစောင့်ရှောက်ထိန်းသိမ်းနေမည်သာဖြစ်သည် ။ ယခုတော့ အသက်အသေခံပြီး ပိဋကတ်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သောသံဃာတော်များ မျက်နှာကိုမျှ မထောက်ဘဲ ပိဋကတ်သုံးပုံကို သူရဿတီစောင့်သည် ဆိုကာ နတ်သမီးရုပ်ကို ဘုရားရုပ်ပွားတော်ရှေ့တည့်တည့်မှာ လာထားကြသည်။ အထားခံသည့် ဂေါပကကလည်း အထားခံကြသည်။


မဟာယာန၀ါဒများ၊ တန္တရယာန၀ါဒများ၊ မန္တရယာန၀ါဒများ
တဖြည်းဖြည်းဂေါတမဗုဒ္ဓသည် ကမ္ဘာကို ဖန်ဆင်းသူဖြစ်သည်ဟု ဆိုကြ၏ ။ ထိုမှတဆင့်တက်၍ ဖန်ဆင်းရှင် ဗြဟ္မာ ဗိဿနိုး နှင့် ဂေါတမကို ပူးပေါင်းလိုက်ကြသည်။ အမည်သာကွဲ၍ ဘုရားတစ်ဆူတည်း အတူတူ ဟုဆိုကြ သည်။ တစ်ဖန်ဂေါတမဗုဒ္ဓသည် ဗိဿနိုးနှင့်တန်းတူမဟုတ်တော့ဘဲ ဗိဿနိုးဝင်စားသူ၊ ဗိဿနိုး၏ ကိုယ်ပွား တစ်ထောင်အနက် ကိုယ်ပွားအ၀တာရတစ်ခုမျှသာဟုဆို၍ အောက်တစ်ဆင့် နှိမ့်လိုက်သည်။ ဟိန္ဒူတို့သည် သဒ္ဓမ္မပုဏ္ဍရိကသုတ်နှင့် ဂဏ္ဍဗျူဟာသုတ်များ၌ ဗုဒ္ဓသည်လူသားမဟုတ်၊ ကောင်းကင်ဘုံမှ နတ်ဘုရားဖြစ်သည် ဟု ဆိုကြ၏ ။ ဗုဒ္ဓ၀ါဒီတို့သည် ဖန်ဆင်းရှင်ဗြဟ္မာ (ဣဿရ) ကို လက်မခံကြချေ။ သို့ရာတွင် ဗုဒ္ဓကိုလွန်စွာ ကြည် ညိုကြကြောင်းသိထားသော ဗြဟ္မဏပုဏ္ဏားရဟန်းများ က ဗုဒ္ဓသည်လူသားမဟုတ်၊ ကောင်းကင်ဘုံမှ နတ်ဘုရားကြီးဖြစ်သည်ဟု ဟောပြောကြသည်။ ဗုဒ္ဓဘာသာဝင်လူများစုကမူ သဒ္ဓါလွန်နေကြ၍ ကိုယ့်ဘုရားကို နတ်အဖြစ် မြှင့်တင်သည်ကို ကျေနပ်နေကြ၏။ ထို့ကြောင့်ပင် ဗုဒ္ဓသာသနာ့ဘောင်အတွင်းသို့ ရဟန်းအသွင်ဖြင့် ၀င်ရောက်ကာ ပါဠိတော်အဌကထာများ ကို ကိုယ်လိုရာဆွဲ၍ ရေးသားပြီး မဟာယာန၀ါဒများ၊ တန္တရယာန၀ါဒများ၊ မန္တရယာန၀ါဒများကို တီထွင်ဟောပြောကြလေတော့သည်။ ဤကား ဗုဒ္ဓ၏အနတ္တဒေသနာကို အတ္တဒေသနာ ဖြစ်အောင် ယဉ်ယဉ်လေးဖျက်ဆီးကြခြင်းပင် ဖြစ်သည်။ ဟိန္ဒူဗြဟ္မဏတို့ ဗုဒ္ဓကိုသေးသိမ်ပြီးအရာမရောက် ဖြစ်သွားအောင် တဖြည်းဖြည်းချင်းအစပျောက်ဝါးမျိုပုံမှာလည်း ကြည့်တတ်သူများမှသာ မြင်နိုင်ပေသည်။

ဤနေရာ၌ သူတစ်ပါးအပြစ်ကို ကြည့်ခြင်းထက် မိမိအပြစ်ကိုသာကြည့်၍ ပြုပြင်ခြင်းသည် လောကီလောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးချမ်းသာကို ရနိုင်သည်ဟူသောစကားအတိုင်း အိန္ဒိယဗုဒ္ဓဘာသာ ရဟန်းတော်များ သီလ၊ သမာဓိ၊ ပညာ အားနည်းခြင်း၏ အဓိကအကြောင်းကို လေ့လာသုံးသပ်ပြီး မြန်မာပြည်မှ ရဟန်းတော်များ အနေဖြင့် ထေရ၀ါဒ ဗုဒ္ဓအယူဝါဒမဟုတ်သော အရာများကို ဖယ်ရှားကြရပေမည် ။

ဆေး ၊ ဗေဒင် ၊ လက္ခဏာ ၊ နက္ခတ် နှင့်တကွ လောကီထွက်ရပ် ၀ိဇ္ဇာဂိုဏ်း ဘုန်းကြီးများ များပြားလာခြင်းသည် ဗုဒ္ဓသာသနာ အားနည်းပျောက်ကွယ်ခြင်း၏ အရေးကြီးဆုံးသော အကြောင်းဖြစ်ပေသည် ။ ထိုဂိုဏ်းဘုန်းကြီး များကို မဟာယာနဘုန်းကြီးများက မွေးဖွားပေးလိုက်သည် ။ မဟာယာနဘုန်းကြီးများကို ယောဂါစာရ နှင့် မဇ္ဈိမိက ဂိုဏ်းများက မွေးဖွားပေးလိုက်သည် ။ ထို ယောဂါစာရ နှင့် မဇ္ဈိမိက ဂိုဏ်းများကို မဟာသံဃိက ဂိုဏ်းကြီးက မွေးဖွားပေးလိုက်သည် ။ မဟာသံဃိက ဂိုဏ်းကြီးသည် ဒုတိယ သံဃာယနာတင်သည့်အချိန်မှစ၍ ပေါ်ပေါက်လာခဲ့သည် ။

ဥုံ၊ သြောင်း
သာသနာကွယ်ခြင်းအကြောင်းအရာတွေထဲမှာ ပါဝင်တဲ့ ပါဠိပုဒ်ပျက်စေသော ဥုံ၊ သြောင်း ခံရွတ်ခြင်းပါပဲ။ ဒီ ဥံ၊သြောင်း စသောပါဠိပုဒ်ပျက်များဟာ ဟိန္ဒူဘာသာ ကျမ်း(၇)ကျမ်းမှာသာ တွေ့ရပါတယ်။ ဗုဒ္ဓဘာသာ တိပိဋက တော်လာမဟုတ်ပါဘူး။ ဥုံ ရဲ့အဓိပါယ်ကတော့ ဟိန္ဒူဘာသာမှာ နတ်မင်းကြီးများ၏ ကိုယ်စားလှယ်လို့ အဓိပါယ် ရတာပါပဲ။ ဥုံ ဟူသည် ဥုမ်မှ ဖြစ်လာခြင်းဖြစ်သည် ။ ဥုံကို ပုဒ်ခွဲလိုက်ရင် အ၊ အု၊ အမ် ဟူ၍ဖြစ်လာသည် ။ အ သည် လောကကို ဖန်ဆင်းသော ဗြဟ္မာကို ကိုယ်စားပြုသည် ။ အု သည် ဗိဿနိုးနတ်ကို ကိုယ်စားပြုသည် ။ အမ် သည် သျှီဗစ် ခေါ် သျှီဝနတ်ကို ကိုယ်စားပြုသည် ။ ထိုနတ်သုံးမျိုးစလုံး ဟိန္ဒူ ဗြဟ္မဏဘာသာမှာသာ ရှိသော ကြောင့် ဥုံ ၊ သြောင်း ပါသော ဂါထာ ၊ မန္တာန် မှန်သမျှကို ဟိန္ဒူ ဗြဟ္မဏ ဂါထာ ၊ မန္တန်ဟူ၍ ခွဲခြားနိုင်သည်။ ၄င်း အချက်ကို သတိမထားမိသော ဆရာအချို့က ဘုရားဟောဂါထာ အချို့ကိုပင် ဥုံ ၊ သြောင်း ခံ၍ ရွတ်ဆိုနေကြရာ ဆွမ်းဆန်ထဲ ကြွက်ချေးအရောခံရသလို ဘုရားဟောပါဠိအချို့မှာ ဂုဏ်ငယ်ကြရပါသည် ။

ဘုရားကိုးဆူပူဇော်ခြင်း
ဘုရားကိုပူဇော်တာဖြစ်လို့ ကုသိုလ်တော့ဖြစ်ပါတယ်။ သို့ပေမယ့် မသန့်ရှင်းဘူး။ ဘုရားကိုးဆူပူဇော်တာဟာ ထေရ၀ါဒမှ ကျင့်စဉ်တစ်ရပ် မဟုတ်ပါဘူး။ ဘုရားကိုပဲ သန့်သန့်ရှင်းရှင်း ပူဇော်လိုက်ပါ။ ဘယ်ကစသလဲ ဆိုတော့။ ဝေသာလီပြည် ကပ်ဆိုက်တော့ ပြည်သူတွေက နတ်မင်းကြီးကိုးပါးက လုပ်ထားတာဆိုပြီး နတ်မင်း ကြီးကိုးပါးကိုပူဇော်ဖို့အတွက် ဗလိနတ်စာပူဇော်ပွဲဆိုပြီး သတ္တ၀ါကိုးကောင်၊ ကိုးမျိုး နဲ့ပူဇော်ကြတာပါပဲ။ ဘုရားကိုး ဆူစင်မှာ မြတ်စွာဘုရားရှင်က အလယ်က ၊ ဘေးမှာ ရဟန္တာအရှင်မြတ်များ။ ထပ်ပြီးတော့ ၀န်းရံထားတာက နတ်မင်းကြီးကိုးပါး။ ထက်ပြီးပါပါသေးသဗျာ။ သူတို့ရဲ့ကိုယ်စားလှယ်တော်များဖြစ်တဲ့ တိရိစ္ဆာန်ကိုးကောင်။ စဉ်းစားကြည့်ပေါ့ဗျာ ကျုပ်တို့မြတ်စွာဘုရားရှင်ကို ရောနှောပြီး စင်တစ်ခုတည်းမှာ ဗြဟ္မဏတွေနဲ့ရောပြီး ကိုးကွယ် တာ ဖြစ်သင့်သလားဆိုတာ။ ဒီနေရာမှာ စင်လို့အသုံးပြုတာ အတော်ပင် မတင့်တယ်တာပါ။ မြတ်စွာ ဘုရား ရှင်တော်မြတ်ကို စင်ပေါ်တင်ထားသလိုမျိုးဖြစ်နေပါတယ်။ စံကျောင်းတော်ဆိုပြီး အသုံးပြုရပါ့မယ်။ ပြီးတော့ ပြောပါသေးတယ်။ ဘယ်ဘုရားလေးက ဘယ်မှာနေ။ ဘုရားကိုးဆူဆရာက ဘုရားဆရာလိုလို ဆရာလုပ်နေတာ များ။ ရွတ်ဖတ်န်ေတာကလည်း ဘေးကင်းအောင်ကြီးပဲ။ ပုဏ္ဏားတွေရဲ့လေမျိုး။ စဉ်းစားကြပေါ့ဗျာ။ ရမ်းရမ်းမလုပ် ကြပါနဲ့။ ကိုးန၀င်းမိုးလင်းမှ သိမယ်ဆိုတာလည်း ဘာများထူးတော့မှာလဲ။ ဒီကစတာပါပဲ။ ဗုဒ္ဓဂုဏ်တော်ကို တစ် ခေါက်ပဲရရ စိတ်ထဲမှာ သန့်သန့်လေးပွားလိုက်ပါ။ ဗုဒ္ဓနုဿတိဖြစ်အောင် ပွားများကြပါ။ သန့်သန့်ရှင်းရှင်း ကိုးကွယ်မယ်ဆိုရင် ပွင့်တော်မူပြီးခဲ့သော နှစ်ကျိပ်ရှစ်ဆူ ဘုရားရှင်များအားကုန်လုံးကို ပူဇော်ကိုးကွယ်ပါ။


ဘယ်လိုဗုဒ္ဓဘာသာလဲ

ဗုဒ္ဓဘာသာ(၅)မျိုးရှိပါတယ်။
(၁) ကုလဗုဒ္ဓဘာသာ (မိရိုးဖလာကိုးကွယ်သော ဗုဒ္ဓဘာသာ)
(၂) လာဘဗုဒ္ဓဘာသာ (လာဘ်လာဘကို လိုချင်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)
(၃) ဘယဗုဒ္ဓဘာသာ (ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)

ဤသုံးမျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုသည်။

(၄) သဒ္ဓါဓိကဗုဒ္ဓဘာသာ (သဒ္ဓါကိုအရင်းခံ၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)

၎င်းကို အလတ်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုသည်။

(၅) ပညာဓိကဗုဒ္ဓဘာသာ (ပညာဉာဏ်နှင့်ယှဉ်၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)

၎င်းကို အထက်တန်းစားဗုဒ္ဓဘာသာ ဟုခေါ်ဆိုသည်။

အထက်ပါအချက်များကို လုပ်ဆောင်နေသူများသည် မည်သည့်ဗုဒ္ဓဘာသာ ဖြစ်မည်၊ မည်သည်အဆင့်အတန်း တွင် ပါဝင်နေမည်၊ မည်ကဲ့သို့ပုထုဇဉ်များဖြစ်မည်ကိုတော့ ကိုယ်ကိုတိုင်စဉ်းစားကြည့်လျှင် အတွေးတွင် အထင်း သားပေါ်လာလိမ့်မည်ဟု ယုံကြည်မိပါသည်။ ကိုယ်ကိုတိုင်ဘယ်လိုဗုဒ္ဓဘာသာလဲဆိုတာ ဝေဖန်ပိုင်းခြားကြစေ ချင်ပါတယ်ဗျာ။ ဟုတ်တိုင်းမှန်စွာ ဝေဖန်နိုင်သောဉာဏ်ရင့်သန်အောင်ကြိုးစားကြပါ။ တော်တော်များများ ဒီဒိဋ္ဌိ တွေ မပျောက်တာကို အတော်လေးတွေ့ရပါတယ်။ အောက်တန်းစားဗုဒ္ဓဘာသာ မဖြစ်စေလို၍ ပညာဉာဏ်နဲ့ယှဉ် သော ပညာဗုဒ္ဓဘာသာ(အထက်တန်းစားဗုဒ္ဓဘာသာ) ဖြစ်စေလိုသော ဆန္ဒနဲ့ပါ။ ညီအစ်ကိုမောင်နှမများ ဤကား လုပ်သင့်သလား မလုပ်သင့်ဘူးလားဆိုတာ ဝေဖန်ပိုင်းခြားနိုင်ပါစေခင်ဗျာ။ ဒိဋ္ဌိတရားများ ကင်းရှင်း၍ သာသနာကို စောင့်ရှောင်နိုင်သော သူတော်ကောင်းသူတော်မြတ်များဖြစ်ကြပါစေ။

No comments:

Post a Comment