ဗုဒ္ဓဘာသာရဲ့အင်အားတစ်ခု

Tuesday, August 21, 2012

ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်

မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ(၅၈၈)-က ဒီကမ္ဘာကြီးမှာ ဗုဒ္ဓရတနာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါတယ်၊ တဆက်တည်းမှာပဲ မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့် စနေနေ့ ဘီစီ ၅၈၈ မှာ ဓမ္မရတနာ စတင်ခဲ့သလို မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ ၅၈၈ ခုမှာ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

မြတ်ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့ ၄၅ နှစ် နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူပါတယ်၊ ဗုဒ္ဓအဖြစ်နဲ့ ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တ၀ါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့ပါတယ်၊

အဲဒီ တာဝန်ကြီး ၂ ရပ်ကတော့..... (၁) ဓမ္မကို ဟောပြောခြင်း, ဖြေဆိုခြင်း (၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့ပဲ ဖြစ်ပါတယ်၊ ထို မြတ်ဗုဒ္ဓ ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါတယ်၊ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်တဲ့ ဥပဒေ တွေ မရှိပါဘူး၊ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း လို့ ခေါ်တဲ့ သရဏဂုံ သုံးပါးကို လက်ခံလိုက်လို့ ရှိရင် ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါတယ်၊


ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း ၅ မျိုး ရှိပါတယ်၊ အဲဒါတွေကတော့.....
(၁) သက်ရှိလူသား တိရစ္ဆာန် တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၂) သူတပါးပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၃) ကာမဂုဏ် ဖေါက်ပြန်မှု, အိမ်ထောင်ရေး ဖေါက်ပြန်မှု မှ ရှောင်ကြဉ်ရခြင်း။
(၄) မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၅) မူးယစ်ဆေးဝါး သုံးစွဲခြင်း, ရောင်ဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်းဆို တဲ့ စည်းကမ်း ၅ မျိုးတို့ပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓ ချမှတ်သည့် ဒီစည်းကမ်း ၅ မျိုးကို ကြည့်ရင် မြတ်ဗုဒ္ဓဟာ လူသားတို့ရဲ့ အသက်, အိုးအိမ်, စည်းစိမ်, ချမ်းသာ, လုံခြုံဖို့၊ အိမ်ထောင်ရေး သာယာဖို့၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားဖို့၊ လူသားတို့ရဲ့ ဥာဏ်ရည်အဆင့်အတန်း မှီဖို့ အရေးကို မျှော်တွေးကာ အထက်ပါစည်းကမ်း ၅ ချက်ကို ချမှတ်ခဲ့တယ်ဆိုတာ တွေ့ရမှာပါ။
လူသားတွေဟာ အပျော်ကြူးခြင်း, အလိုရမက်ကြီးခြင်း, ကြောက်စိတ်များခြင်းတို့ကြောင့် မိမိတို့ဘ၀ အတွက် အားကိုးရာတွေကို စိတ်ကူးပုံးဖေါ်ပြီး ယုံကြည်ကိုးကွယ်တတ်ကြပါတယ်၊ စိတ္တဇ အတွေးတွေကို ပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေတာကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပါဘူး၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်မှန်ရင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမှာဖြစ်သလို အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်း ပယ်စွန့်ကြရပါလိမ့်မယ် သို့ဖြစ်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက် ဥပဒေသ မူကြီး ၅ ရပ်ကို စံပြု သတ်မှန်ထားခဲ့ပါတယ်။
အဲဒါတွေကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်မှန်ရင်.......
(၁) ယုံကြည်မှုသဒ္ဓါတရားရှိရမည်။
(၂) စောင့်ထိန်းမှု သီလရှိရမည်။
(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ- ဆိုတဲ့

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး ၅ ရပ်ကို အဂ္ဂုင်္တ္တရနိကာယ်မှာ ချပြတော်မူခဲ့ပါတယ်။
တဆင့်တက်ပြီး အနည်းငယ် ရှင်းပြလိုပါတယ်
(၁)ယုံကြည်မူသဒ္ဓါတရားရှိရမည်-ဆိုသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါး တို့၌ ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါတယ်။
(၂) စောင့်ထိန်းမူ သီလ ရှိရမည်- ဆိုသည်မှာ ၀ါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး, ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်, မယားကျင့်ဝတ်, ဆရာ့ကျင့်ဝတ်, တပည့်ကျင့်ဝတ်, မိဘ ကျင့်ဝတ်, သားသ္မီး ကျင့်ဝတ်, အထက်လူကြီးကျင့်ဝတ်, အောက်လက်ငယ်သားကျင့်ဝတ်- စတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကျင့်ဝတ်သီလ များနဲ့ ပြည်စုံရမယ်လို့ ဆိုလိုပါတယ်။ နံပါတ် ၂ ဥပဒေသ နှင့် မြတ်ဗုဒ္ဓက မလုပ်ဘဲနေရမှာကို မလုပ်ဘဲနေရဲတဲ့ သတ္တိ၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတဲ့ သတ္တိ လူသားတို့ရဲ့ စိတ်မှာမွေးမြူနိုင်ဖို့ မီမောင်ထိုးပြသွားတာပဲဖြစ်ပါတယ်။
(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ-ဆိုသည်မှာ အချို့သောလူများဟာ” အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…. နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ရက်ရာဇာ, ပြဿဒါး, ကျီးကန်းလာခြင်း, အိမ်မြောင်စုတ်ထိုးခြင်း, နေကြတ်, လကြတ်- စတာတွေကြောင့် ကောင်းကျိုး ဆိုးကျိုး ရှိတယ်ဆိုတာတွေကို လက်မခံဖို့ နံပါတ် ၃ ဥပဒေသကို ချမှတ်တော်မူခဲ့ပါတယ်---
ကောင်းကျိုးလိုလားသူ ကောင်းတဲ့လုပ်ရပ်တွေ ကို လုပ်ရမှာဖြစ်သလို မကောင်းကျိုး မခံစားလိုသူတွေ အတွက် မကောင်းတဲ့ အပြုအမူ အပြောအဆို တွေးအကြံများကို မပြုလုပ်မိဖို့လိုပါတယ် အတွေးအကြံများက မကောင်းတဲ့ဘက်မှာ အမြဲပျော်မွေ့နေပေမယ့်
တန်ပြန်သက်ရောက်မှု ကောင်းကျိုးကို မျှော်လင့်နေကြတာဟာ “ကောင်းကင်က ရေစီး မြေ ကီး က လသာမယ့်အချန်တွေကို စောင့်နေကြတာနဲ့ “ အတူတူပါပဲ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်-ဆိုသည်မှာ အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော်အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါတယ်။
ကံတရားနဲ့ ပတ်သက်လို့အနည်းငယ်ပြောပြခြင်ပါတယ်…
သစ်ပင်တစ်ပင်ကို ကြည့်ပါ.. ဒီသစ်ပင် ရှင်သန်ကြီးထွားဖို့…
(၁) လုံလောက်တဲ့ နေရောင်ခြည်
(၂) လုံလောက်တဲ့ ရေဓာတ်
(၃) ကြီးထွာ သီးပွင့်ရမယ့် အချိန်အခါ-
ဒီအကြောင်းတရား ၃ မျိုး ပေါင်းဆုံမှ သစ်ပင်ဟာ ရှင်သန်ကြီးထွား ပွင့်သီးမှာဖြစ်ပါတယ် ဒါကို ဗီဇနိယာမလို့ခေါ်ပါတယ်။ ဒီဗီဇနိယာမလိုပါပဲ မိမိတို့ပြုလုပ်လိုက်တဲ့ ကောင်းကံဆိုးကံတွေဟာ ပြုလုပ်လိုက်ပြီးတာနဲ့ တစ်ပြိုင်နက် မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ သတ္တိကလေးတွေချန်ထားရစ်ပြီး ပျောက်သွားကြပါတယ် မိမိတို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဒီသတ္တိ ကလေးတွေဟာ စေတနာ သမင်္ဂီတာ, ကမ္မ သမင်္ဂီတာ, ဥပဋ္ဌာန သမင်္ဂီတာ, ၀ိပါက သမင်္ဂီတာ ဆိုတဲ့ အကြောင်းတရား ၄ မျိုး ပေါင်းစုံတဲ့ အချိန်မှာ တန်ပြန်သက်ရောက်မှုအဖြစ် ဧကန်အကျိုးပေးမှာဖြစ်ပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ဒီကမ္မနိယာမ ရဲ့ သဘောတရားကို ယုံကြည်လက်ခံသူ ဖြစ်ရမယ်လို့ မိန့်တော်မူပါတယ်။
(၅) သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ-ဆိုသည်မှာ လူများဟာ အပျော်ကြူးခြင်း အလိုကြီးခြင်း ကြောက်စိတ်များခြင်း စိုးရိမ်စိတ်များခြင်းတွေကြောင့် သာသနာတော်ရဲ့ ပြင်ပဖြစ်တဲ့ နတ်ကိုးကွယ်ခြင်း ဘိုးတော် မယ်တော် ကိုးကွယ်ခြင် အင်း အိုင် လက်ဖွဲ့ ဗေဒင် မန္တာန် ကို အားထား ယုံကြည်ခြင်း စတဲ့ သာသနာတော်ပြင်ပ ကိုးကွယ်ရာ တွေကို ရှာမှီး ကိုးကွယ်နေကြပါတယ်။
မြန်မာပြည်မှာ ခေတ်စားနေတဲ့ အတွင်း ၃၇ မင်း အပြင် ၃၇ မင်း သူရဿတီ မယ်တော် စတဲ့ နတ်တွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် မြန်မာပြည်ဖြစ်နတ်များ အစိမ်းသေ နတ်များဖြစ်တယ်ဆိုတာကို လေ့လာတွေ့ရှိနိုင်ပါတယ်၊ ဗြဟ္မဏ တို့ စိတ်ကူးပုံဖေါ် ကိုးကွယ်ခဲ့တဲ့ တကယ် မရှိတဲ့ သူရဿတီ နတ်သ္မီးကို ပိဋကတ် သုံးပုံစောင့် နတ်သ္မီး အဖြစ် ယုံကြည် ကိုးကွယ်နေကြတာဟာ ပိဋကတ် သုံးပုံကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြတဲ့ သံဃာတော်များကို စော်ကားခြင်းဖြစ်သလို မိမိ ဦးနှောက်နဲ့ နှလုံးသားကို အသိအမှတ် မပြုရာလဲ ရောက်ပါတယ်၊
ဒီနေရာမှာ မနုဿဗေဒ ပညာရှင်တစ်ဦးရဲ့ အဆိုအမိန့်ကို ပြောပြချင်ပါတယ် “ ထာဝရ ဘုရားက လူတို့ကို ဖန်ဆင်းထားခြင်းမဟုတ် လူတို့ကသာ ထာဝရ ဘုရားကို ဖန်ဆင်းထားခြင်းဖြစ်သည်” လို့ ဆိုပါတယ် ဒီလိုဆိုရင် ဦးဇင်းက လဲ ပြောချင်ပါတယ် နတ်တို့ က လူတို့ကို စောင့်ရှောက်ထားခြင်းမဟုတ် လူတို့က သာ နတ်တို့ ကို စောင့်ရှောက်ထားခြင်းဖြစ်တယ်ဆိုတာပါပ၊ဲ

ဒါကြောင့် မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင် မှန်ရင် သာသနာပ ကိုးကွယ်မှုကို မရှာရလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။
ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င် စစ်စစ်ဖြစ်ဖို့ အတွက်….. ယုံကြည်မှု သဒ္ဓါ တရားရှိရမည် ,စောင့်ထိန်းမှု သီလ ရှိရမည်, ကောတုဟလ မင်္ဂလာကို မယုံကြည်ရ, ကံတရားကို ယုံကြည်သူဖြစ်ရမည်, သာသနာတော်ပြင်ပ ကိုးကွယ်မှု မရှာရဆိုတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ မူ ၅ ချက်ကို ဦးထိပ် ပန်ဆင်၍ ဗုဒ္ဓ၀ါဒ သဘောတရားဖြစ်သော ဆင်းရဲ ခြင်းမှ ချမ်းသာခြင်းသို့၊ မကောင်းမှု မှ ကောင်းမှုသို့၊ အမှောင်မှ အလင်းသို့၊ မသိမှုမှ သိမှုသို့၊ ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့ ရောက်အောင် အသိ အကျင့် ဘက်စုံမြှင့်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ကြိုးစားကြပါစို့…….။

No comments:

Post a Comment