ဗုဒ္ဓဘာသာရဲ့အင်အားတစ်ခု

Tuesday, August 21, 2012

မသေခင် ဆွမ်းကျွေးပါ

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့သားသမီး တော်တော်များများဟာ
(ကျွန်တော် အပါအ၀င်) မိဘများအသက်ရှိစဉ်မိဘအတွက်ရည်စူးပြီး
ဆွမ်းမကျွေးကြပါဘူး။မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆနဲ့နေကြပါတယ်။
အဲ-သေပြီဆိုမှ သေသေချင်း သက်ပျောက်သပိတ်သွတ်ဖို့ရာဘုန်းကြီး
အပြေးအလွှားပင့်ပြီး သက်ပျောက်သပိတ်သွတ်ကြပါတယ်။ အဲဒါကို
သက်ပျောက် ဆွမ်းကျွေးလို့ ခေါ်ပါတယ်။

နောက်---သေသူမြေချတဲ့ အခါမှာ မြေဆင်းသပိတ် ဆိုပြီး မြေဆင်းဆွမ်း ကျွေးကြပြန်ပါတယ်။(၇)ရက်ပြည့်တဲ့အခါမှာတော့ရက်လည်ဆွမ်းနောက်
တခါ(၁)လ ပြည့်တဲ့အခါမှာလလည်ဆွမ်း၊(၁)နှစ်ပြည့်တဲ့အခါမှာနှစ်လည်
ဆွမ်းကျွေးကြတာ ဓမ္မမိတ်ဆွေများသိရှိကြမှာဖြစ်ပါတယ်။


မိဘများအတွက် ရည်ရွယ်ပြီး ဆွမ်းကျွေးတဲ့ နေရာမှာ လည်းနှစ်မျိုးနှစ်စားကွဲပြားကြောင်းတင်ပြလိုပါတယ်။
အဲဒါတွေကတော့ -
(၁) မတကဘတ္တ- သေပြီးမှ ကျွေးတဲ့အတွက် သက်သေဆွမ်းလို့ ခေါ် ပါတယ်။
(၂) ဇီဝဘတ္တ - အသက်ရှင်နေစဉ်မှာကျွေးးတဲ့ဆွမ်းဖြစ်တဲ့အတွက်သက်ရှင်ဆွမ်း
လို့ခေါ်ပါတယ်။

မိဘများအတွက် ရည်ရွယ်ပြီး ဆွမ်းကျွေးးတဲ့နေရာမှာ အသက်ရှင်နေစဉ် တစ်ကြိမ် ၊ နှစ်ကြိမ်ဆွမ်းကျွေး
တာနဲ့ သေပြီးမှ ဆွမ်းအကြိမ်ကြိမ်ကျွေးတာနဲ့ ပတ်သက်ပြီး မည်သည့်ဆွမ်းကျွေးက လှူဒါန်းမှု အစုစုတို့
အတွက်မိဘများသေချာပေါက်သာဓုခေါ်နိုင်မလဲဆိုတာကိုတော့ ဥာဏ်နဲ့ဆင်ခြင်စဉ်းစားဘို့လိုအပ်ကြောင်း
တင်ပြလိုပါတယ်။

သက်ရှင်ဆွမ်းကျွေးတရား ဖြစ်ပေါ်လာပုံ
ဘုရားရှင်ကိုယ်တော်မြတ်ကြီး သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးမူစဉ်အခါကသာဝတ္တိပြည်မှာ
မိသားစုတစ်စု ရှိပါတယ်။ သူတို့ဟာ ဘုရား၊ တရား ၊ သံဃာ ရတနာမြတ်သုံးပါးကို အင်မတန် ကြည်ညိုပြီး ဒါန ၊
သီလ ၊ သမထ ၀ိပဿနာ ကုသိုလ် တတွေကို ကြိုးစားပြုလုပ်ကြပါတယ်။

အဲဒီလို ကြိုးစားပြုလုပ်ကြတဲ့အတွက် သူတို့မိသားစုအား မျက်မှောက်ဘ၀မှာ လဲချမ်းသာလို့ တမလွန်ဘ၀နောက် လောကအတွက်လည်းဘာမှပူစရာ မရှိတော့ဘူး။သူတို့ရဲ့ ကောင်းမှုနဲ့သင့်လျော်တဲ့ချမ်းသာကတော့ရမယ်အပါယ်
မကျ တော့ဘူး။ အနေကောင်း၍ အသေလည်းကောင်းနိုင်ပြီး ဘ၀ကောင်း ၊ ဂတိကောင်း ကိုရောက်မယ်ဆိုတာ
စိတ်ချရပြီ။

သာဝတ္ထိပြည်ဆိုတာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး အများဆုံး သီတင်းသုံးခဲ့ တဲ့ပြည်ပါ။သာဝတ္ထိပြည်မှာရှိတဲ့လူတွေ
ကို ခုနစ်ပုံ ပုံလိုက်ရင် ငါးပုံကသောတာပန် ၊သကဒါဂါမ် ၊ အနာဂါမ် ၊ အရိယာတွေပါ။ ကျန်တဲ့နှစ်ပုံကို သုံးပုံပုံလိုက်ရင်
နှစ်ပုံဟာ ကလျာဏပုထုဇဉ်ဖြစ်ပြီး ကျန်တဲ့ တစ်ပုံသာ အန္ဓပုထုဇဉ်ဖြစ်ပါတယ်။

သာဝတ္ထိပြည်က အဲဒီမိသားစုဟာ ပြန်လည်ဆင်ခြင်မိတာကတော့ တက္ကသိုလ် ပြည်မှာရှိနေတဲ့ သူတို့ရဲ့ ဖခင်ကြီး
ကိုပါ ။ ငါတို့မိသားစုကတော့ကံကောင်းတယ်။ တက္ကသိုလ်ပြည်မှာရှိတဲ့ငါတို့အဖေကတော့ဘုရား ၊ တရား ၊သံဃာ ဆိုတာမသိ၊ဒါန၊သီလ၊သမထ၊၀ိပဿနာလည်းသူ့မှာမရှိ။ တို့အဖေကြီးသေခါမှသေသူကိုရည်မှန်းပြီးသက်သေဆွမ်း
ကျွေးပြီးအမျှဝေရမှာကဘယ်ဘုံဘယ်ဘ၀ရောက်နေလို့ သာဓုခေါ်နိုင်တယ်ဆိုတာမသေချာ၍ဥာဏ်နှင့်ဆင်ခြင်မိကြ
ပါတယ်။

ဒါ့ကြောင့် သာဝတ္ထိပြည်က မိသားစုဥာဏ်နှင့် ဆင်ခြင်ပြီး အဖေသေခါမှသက်သေဆွမ်းကျွေးရတာထက်အသက်ရှင်
စဉ် သက်ရှင်ဆွမ်းကျွေးရတာ အကျိုးကြီးမြတ်လှ တယ်။ တို့အဖေကို တက္ကသိုလ်ပြည်မှ သာဝတ္ထိပြည်ကို ခေါ်မယ်။ တို့အဖေကြီးအတွက်ရည်မှန်းပြီးတော့ ဘုရားအမှူးရှိတဲ့ သံဃာတော် အရှင်သူမြတ်တွေကိုသက်ရှင်ဆွမ်းကျွေးမယ်
ဆိုပြီး စီစဉ်ကျပါတယ်။

သူတို့စီစဉ်ထားတဲ့အတိုင်း ဖခင် ကြီး သာဝတ္ထိရောက်တဲ့အခါ ဘုရားအမှူးရှိတဲ့ သံဃာတော် အရှင်သူမြတ်တွေကို
ပင့် ဖိတ်ပြီး အိမ်ပေါ်ရောက်တာနဲ့ တပြိုင်နက် သူတို့အဖေကြီးကို “ အဖေ -- ဘုရား အမှူးရှိတဲ့သံဃာတော်တွေကို
ရှိခိုးပါ” လို့ခိုင်းပါတယ်။ ပြီးတော့ “ အဖေ-- ဘုရား အမှူးရှိတဲ့ သံဃာတော်တွေကို ဆွမ်းကပ်ပါ ” လို့ ခိုင်းပါတယ်။
သူတို့ ဖခင်ကြီးက ဘုရားရှင်နှင့် သံဃာတော်တွေကို ကိုယ်တိုင်ရှိခိုးရတဲ့ကုသိုလ်၊ကိုယ်တိုင် ဆွမ်းကပ်ရတဲ့ကုသိုလ်
တွေ ရရှိခဲ့ပါတယ်။

ဘုရားရှင် ဆွမ်းဘုန်းပေးပြီးတဲ့အခါ အနုမောဒနာတရားဟောခါနီး သားသမီး တွေက သူတို့အဖေကြီးကို ဘုရားရှင်
ရှေ့ အရောက် တိုးခိုင်းပြီး ဘုရားရှင်ကို လျှောက်ပါတယ်။

“မြတ်စွာဘုရားဘုရား တပည့်တော်တို့ ဒီကနေ့ကျွေးတဲ့ဆွမ်းဟာ မြတ်စွာဘုရားရှေ့မှာ ထိုင်နေတဲ့ ဘုရားတပည့်
တော်တို့ရဲ့ အဖေကိုရည်မှန်းပြီး ကျွေးတဲ့ “သက်ရှင်ဆွမ်း ”ပါဘုရား။အဲဒါကြောင့် မြတ်စွာဘုရားသည်တပည့်တော်
တို့ အဖေ ကိုလည်း ရည်းမှန်းထားပြီးတော့ တရားဟောပေးတာပါဘုရားလို့ လျောက်ထားပါ တယ်။

ဘုရားရှင်ကရုပ်၊နာမ်(၂)ပါး၊ဒုက္ခသစ္စာတရားဟောကြားတော်မူတဲ့အခါဖခင်ကြီးလည်းသံဝေဂတရားတွေဖြစ်ပွားပြီး
ဘုရားရှင်ဟောကြားတဲ့တရားတော်ကိုသိမြင်အောင်ကြိုးစားအားထုတ်ရင်းနဲ့ဒီသက်ရှင်ဆွမ်းကျွေးတရားပွဲအပြီးမှာ သောတာပန်ဖြစ်သွားပါတယ်။

အဲဒါမသေခင် အချိန်မီ ကုသိုလ်ရိက္ခာထုပ် ၊ ထုပ်ပြီး တရားနာရလို့ သောတာပန် ဖြစ်သွားတာပါ။ သေခါမှ
သေသူကို ရည်မှန်းပြီး သပိတ်အလုံးတစ်ရာ လောက်သွတ်လည်း သောတာပန် မဖြစ်နိုင်ပါဘူး။

အခုသက်ရှင်ဆွမ်းကျွေး တစ်ကြိမ်ပဲကျွေးပြီးတရားနာလိုက်ရတာ သောတာပန်ဖြစ်သွားပါပြီ ။သောတာပန်
်ဆိုတော့ သေရင် အပါယ်မကျတော့ပါဘူး။ ငါးပါးသီကိုခါးဝတ်ပုဆိုးလိုမြဲသွားပါပြီ။ ရတနာသုံးပါးကိုလည်း
မတုန်မလှုပ် သက် ၀င်ယုံကြည်သွားပါပြီ။

သားသမီးများကလည်းသြော်-- တို့အဖေကြီးအတွက် တစ်ကြိမ်ရည်မှန်း၍ သက်ရှင်ဆွမ်းကျွေးပြီး တရားနာ
လိုက်တာ ရှေးကနှင့်မတူ ။ရတနာသုံးပါးကိုကြည်ညိုပြီး ဒါန၊ သီလ၊ ဘာဝနာကုသိုလ်များ ကြိုးစားအားထုတ်
်ပြီးတရားနှင့်မွေ့လျော်လျက် တစ်ကြိမ် သက်ရှင်ဆွမ်းကျွေး တရားနာတာတောင် ဒီမျှအကျိုးရှိနေလျှင် နောက်
တစ်ကြိမ်ဆိုဘယ်လောက်အကျိုးရှိမလဲမသိဘူးဆိုပြီးဘုရားအမှူးပြုတဲ့သံဃာတော်တွေကိုဒုတိယအကြိမ်ပင့်
ဖိတ်ကာသက်ရှင်ဆွမ်းကျွေး၍ တရားနာ ယူပြီးတဲ့အခါ အနာဂါမ်ဖြစ်သွားပါတော့တယ်။

သက်သေဆွမ်းနှင့် သက်ရှင်ဆွမ်းတို့၏ အကျိုးကျေးဇူးများ
ကျွန်တော်အနေနဲ့မိဘများကျေးဇူးဆပ်ထိုက်သူများကို သေခါမှသက်ပျောက်ဆွမ်း မြေဆင်းသပိတ်သွတ်၊ ရက်လည်
ဆွမ်းသွတ် ၊လလည်ဆွမ်းသွတ်၊နှစ်ပတ်လည်ဆွမ်းသွတ်၊နောက်တစ်သက်လုံးသွတ်လို့သေသွားသူဟာသောတာပန်
မဖြစ်နိုင်ပါ။ အနာဂါမ်လည်း ဖြစ်မလာနိုင်ပါဘူး။

ယခုသာဝတ္ထိပြည်ကသားသမီးတွေဖခင်ကြီးအတွက်ဘုရားအမှူးပြုတဲ့ သံဃာတော်တွေကိုနှစ်ကြိမ်သက်ရှင်ဆွမ်း
ကျွေးပြီး တရားတော်နာယူ စေထိုက်ကာ သူတို့ရဲ့ ဖခင်ကြီး အနာဂါမ်အထိဖြစ်သွားတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် သက်ရှင်ဆွမ်းကျွေးခြင်းနှင့် သက်သေဆွမ်းကျွေးခြင်းရဲ့ အကျိုးကျေးဇူး ကွာခြားချက် ကို သိရှိနိုင်ပြီ
ဖြစ်ပါတယ်။

သားသမီး(၃)မျိုး
အလျဉ်းသင့်၍ ဤနေရာတွင် မှတ်သားစရာကောင်းတဲ့ သားသမီး(၃)မျိုး အကြောင်းကို တင်ပြလိုပါတယ်။
(၁) အ၀ဇာတသားသမီး -မိဘအောက် သီလ၊ သမာဓိ၊ ပညာ၊ အသိအလိမ္မာ ဉာဏ်ပညာ
အောက်ကျသော သားသမီး
(၂) အနုဇာတ သားသမီး-မိဘနှင့် သီလ၊ သမာဓိ၊ ပညာ၊ အသိလိမ္မာ ဉာဏ်ပညာတန်းတူ
ရှိသော သားသမီး
(၃) အတိဇာတ သားသမီး-မိဘနှင့် သီလ၊ သမာဓိ၊ ပညာ၊ အသိလိမ္မာ ဉာဏ်ပညာသာသော သားသမီးတို့
ဖြစ်ပါသည်။

မိဘကျေးဇူးဆပ်ကြရအောင်
မိဘကျေးဇူးဆပ်တဲ့နေရာမှာ ဘုရားရှင်ဟာ ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက်တစ်ဝါမှာ ကပ္ပိလ၀တ်နေပြည်တော်
သို့ကြွသွားပြီး ခမည်းတော် မယ်တော်တို့ကို အစထားပြီး ၊ညီတော်၊သားတော်၊စတဲ့သာကီဝင် မင်းသား ဆွေမျိုးများ
ကို ချေချွတ်ခဲ့ပါတယ်။ တရားနဲ့ကျေးဇူးဆပ်တာပါ။

နောက် တာဝတိံသာနတ်ပြည်တက်ပြီး မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သားအမှူးထားတဲ့နတ် ဗြဟ္မာများ
ကိုတရားဟောတာဟာတရားနဲ့ကျေးဇူးဆပ်တာပါ၊ ဒါကြောင့်မယ်တော်ဖြစ်တဲ့ မိထွေးတော်ဂေါတမီကပရိနိဗ္ဗာန်စံ
ခါနီးမှာ “သားတော်ဘုရားသားတော်ဘုရားဟာ မယ်တော်အပေါ်မှာနို့ဖိုးအကျွေးမရှိတော့ဘူး”လို့လျှောက်ထားခဲ့
ပါတယ်။

ဒါကြောင့်ဘုရားရှင်ဟာမယ်တော်၊ခမည်းတော်အမှူးထားတဲ့ဆွေတော်မျိုးတော်တွေကိုတရားဟော၍တရားကျင့်
စေပြီးတရားနဲ့ကျေးဇူးဆပ် သွားတာ ကို အတုယူသင့်ပါတယ်။

ကျွန်တော်တို့အနေနဲ့အထက်မှာတင်ပြထားတဲ့ သားသမီး(၃)မျိုးအနက်မှာအနည်းဆုံး ဒုတိယအမျိုးအစားဖြစ်တဲ့
အနုဇာတ သားသမီးများဖြစ်အောင် ကြိုးစား ရပါမယ်၊ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ တရားတွေကို ဆက်လက်
ကျင့်ကြံလျက်တတိယ အမျိုးအစားဖြစ်သော အတိဇာတသားသမီး ဖြစ်အောင်ကြိုးစား အားထုတ်ရမှာ ဖြစ်ပါတယ်။

မိဘများသေခါမှရည်မှန်းပြီးသက်ပျောက်ဆွမ်း၊မြေဆင်းဆွမ်း၊ရက်လည်ဆွမ်းစတဲ့သက်သေဆွမ်းကျွေး၍တရားနာ
ဖိတ်ပြီး တရားနာခိုင်းအမျှဝေတိုင်းသာဓုမခေါ်နိုင်ပါဘူး။သာဓုခေါ်နိုင်တဲ့ဘုံကိုရောက်ရှိနေမှသာဓုခေါ်နိုင်မှာဖြစ်ပါ
တယ်။

ဒါကြောင့်မိဘများသက်ရှိထင်ရှားရှိနေစဉ်မိဘများ၏မွေးနေ့/ အခါကြီးရက်ကြီးတွေမှာ မိဘများအတွက်သက်ရှင်
ဆွမ်းကျွေးပြီးတရားနာယူခိုင်းတာဟာ ဘယ်လောက်ကျေးဇူးကြီးမားလဲဆိုတဲ့အကြောင်း စာရှု့သူဓမ္မမိတ်ဆွေများ
ကို တင်ပြလိုပါတယ်။

မိဘများကိုကျေးဇူးဆပ်တဲ့နေရာမှာကျေးဇူးကျေ၊အကျေနဲ့ပတ်သက်ပြီးကျွန်တော်နားလည်သလောက်တင်ပြရရင် အမိကိုလက်ဝဲပုခုံး၊အဖကိုလက်ယာပုခုံးပေါ်တင်လျှက်သေသည့်တိုင်အောင်လုပ်ကျွေးပြုစုသောလည်းမိဘကျေးဇူး
ဟာ မကျေနိုင်ပါဘူး။

ဘာနဲ့လုပ်ကျွေးမှကျေနိုင်သလဲဆိုရင်တရားနဲ့လုပ်ကျွေးမှကျေနိုင်ပါတယ်၊တရားနဲ့ဆိုတဲ့နေရာမှာဒါနမပြုလုပ်တဲ့
မိဘတွေကို ဒါနပြုလုပ်စေပြီး လုပ်ကျွေးရမယ်၊ သီလမဆောက်တည်တဲ့ မိဘတွေကို သီလဆောက်တည်စေလာ
အောင် သမထ ၀ိပဿနာဘာဝနာ ပွားများတဲ့မိဘတွေကို သမထ၊ ၀ိပဿနာ၊ ဘာဝနာတရားတွေပွားများ လာစေ
အောင် လုပ်ကျွေးသမှုပြုမှသာ ကျေနိုင်ပါတယ်ဆိုတဲ့အကြောင်းကို စာရှု့သူဓမ္မမိတ်ဆွေများအား တင်ပြလိုပါတယ်
ခင်ဗျာ။

ကျွန်တော်နှင့် သက်ရှင်ဆွမ်းကျွေးတရားတော်
သက်ရှင် ဆွမ်းကျွေးတရားတော်မှာ လွန်ခဲ့သောနှစ်ပေါင်း (၂၅၅၀)ကျော်ဘုရားရှင်လက်ထက်တော်ကမှည့်တွင်ခဲ့
သော အမည် ဖြစ်ပါသည်။ ၎င်းအခေါ် အဝေါ်မှာလူအများ၏နှုတ်ဖျားတွင် ရေပန်းမစားခဲ့ပါ။ ကျွန်တော်ကိုယ်တိုင်
လည်း ဓမ္မဓူတအရှင်ပညာဇောတ ဟောကြားရေးသားခဲ့သောသက်ရှင်ဆွမ်းကျွေးတရားတော်ကိုနာယူဖတ်သားပြီး
မှသာ သိရှိခဲ့ရခြင်းဖြစ်ပါသည်။

ကျွန်တော်သိရှိသည့်အချိန်တွင်ကား နောက်ကျခဲ့လေပြီ။ သက်ရှင်ဆွမ်းကျွေး ရမည့်မိခင်နှင့်ဖခင်တို့မှာဘ၀တစ်ပါး
သို့ ပြောင်းသွားခဲ့သည်မှာ ကာလ အတော်အတန် ကြာခဲ့လေပြီ။

ထိုအတွက်အမိအဖတို့အတွက်သက်သေဆွမ်းကျွေးသာ ရည်မှန်းပြီးကပ်လှူနိုင်ခဲ့ပါသည်။မိဘတို့အားရည်စူး၍အမျှ
ပေးဝေသော်လည်း သာဓုခေါ်နိုင် မခေါ်နိုင်သည်က ကျွန်တော်မသိနိုင်ပြီ။

သို့ဖြစ်ပါ၍စာရှု့သူဓမ္မမိတ်ဆွေသူငယ်ချင်းများအနေနှင့်လည်း မိဘများသက်ရှိထင်ရှားရှိနေသေးပါက သက်ရှင်ဆွမ်း
ကျွေးကပ်လှူ၍ တရားတော်နာ ယူစေပြီး၊ဒါန၊သီလ၊ သမထ၀ိပဿနာဘာဝနာတရားများ ပွားများ အားထုတ်စေကာ၊ တရားနှင့်ကျေးဇူးဆပ်နိုင်သော အတိဇာတသားသမီးများဖြစ်စေရန်နှင့် ဘာသာသာသနာအကျိုးကိုဆထက်တန်ဘိုး ဆောင်ရွက်ကာ နိဗ္မာန်မဂ်ဖိုသို့ မျက်မှောက် ပြုနိုင်ရန် ရည်ရွယ်လျက် ရေးသားဒါန ပြုလိုက်ပါသည်။


စာကြွင်း။အမှားအယွင်းများ ပါရှိပါက စာရေးသူ ကျွန်တော်၏ ချို့ယွင်းချက်သာဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။ တရားအကျယ်အားကြားနာဖတ်ရှု့လိုပါက ဂေါဃာတကပုတ္တ၀တ္ထုနှင့် ဓမ္မဓူတအရှင်ပညာဇောတ ရေးသားသော
သက်ရှင်ဆွမ်းကျွေး တရားတော်အားကြားနာဖတ်ရှု့နိုင်ပါကြောင်းလည်း ဖေါ်ပြအပ်ပါသည်။

သီလကျင့်စဉ်၊သမာဓိကျင့်စဉ်၊ပညာကျင့်စဉ်တွေကိုဖြူဖြူစင်စင်ဖြည့်ကျင့်ကာ စိတ်တွေဖြူစင်
အောင်ထားတဲ့သူတွေဖြစ်ပြီးသံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြပါစေ............။
ရင်းနှီးလေးစားစွာနှင့်

No comments:

Post a Comment